Monday, January 14, 2008

meeting between aung san suu kyi and u aung kyi

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် အဖွဲ့ချုပ် လိုလား
ဖတ်သူပေးတဲ့အမှတ်: / 5
ညံ့ကောင်း
သန်းထိုက်ဦး
Monday, 14 January 2008 21:33 - မြန်မာစံတော်ချိန်
ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်ဝင်များနှင့် တွေ့ဆုံခွင့် ပေးသင့်သည်ဟု အဖွဲ့ချုပ်က ယနေ့တွင် ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့သည် ပြီးခဲ့သော သောကြာနေ့က ၃ လအတွင်း ၄ ကြိမ်မြောက် တွေ့ဆုံခဲ့ပြီးနောက် အဖွဲ့ချုပ်က ယခုကဲ့သို့ ထုတ်ဖော် ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အခု ကျနော်တို့ တွေ့ဆုံဖို့ မြင်ရတဲ့ အချက်အလက်တော့ ဘာမှ မရှိပါဘူး။ သို့သော်လည်း အဖွဲ့နဲ့ အဖွဲ့ခေါင်းဆောင်က အမြဲတမ်း ထိတွေ့သင့်တယ်လေ။ ဒါကြောင့် မျှော်လင့်တာပေါ့” ဟု ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

နောက်ဆုံး ဆွေးနွေးပွဲတွင် ဆွေးနွေးသည့် အကြောင်းအရာများကိုလည်း အဖွဲ့ချုပ်က ယခုတိုင် မသိရသေးဟု သူက ဆက်ပြောသည်။

၂ဝဝ၃ ခုနှစ် မေလကတည်းက ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ခေါင်းဆောင်များဖြစ်သော ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်းတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် စစ်အစိုးရ၏ အစီအစဉ်ဖြင့် ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံခွင့် ရခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြေညာချက်ပါ တောင်းဆိုချက်များအပြင် စက်တင်ဘာ ဆန္ဒပြပွဲအတွင်း ထိခိုက်ဒဏ်ရာ ရသူများကို အဖွဲ့ချုပ်အနေဖြင့် အကူအညီပေးရေး ကိစ္စများ ဆွေးနွေးခဲ့ကြသည်။

ဒီမိုကရေစီ လိုလားသူများကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သော စက်တင်ဘာ အရေးတော်ပုံ အပြီးတွင် ရှားပါးစွာ ထုတ်ပြန်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တွေ့ဆုံ ဆွေးနွေးရေးနှင့် ပတ်သက်သော သဘောထားတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိပ်တိုက် ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုဉ်းရေး၊ စီးပွားရေး ပိတ်ဆို့ရေး အပါအဝင် အလုံးစုံ ပိတ်ဆို့ရေးတို့ကို စွန့်လွှတ်လျှင် သူကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဆိုသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ၏ မြန်မာပြည် နောက်ဆုံးခရီးစဉ် အပြီးတွင် ထွက်ပေါ်လာသော ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်တွင် သူ့အနေဖြင့် အမျိုးသား ရင်ကြားစေ့ရေး အကောင်အထည်ဖော်ရန် အသင့်ရှိသလို၊ ဆက်ဆံရေးဝန်ကြီး ခန့်အပ်သည့်အပေါ် ကြိုဆိုကြောင်းနှင့် နောင်တွင် ပုံမှန်ဆွေးနွေးပွဲများ ပြုလုပ်သွားရန် မျှော်လင့်ကြောင်း စသည့်အချက်များ ပါဝင်သည်။

စစ်အစိုးရသည် တဖက်တွင် လမ်းပြမြေပုံအတိုင်း ဆက်သွားမည်ဟု ပြောဆိုထားပြီး အခြားတဖက်တွင် ဆက်ဆံရေး ဝန်ကြီးခန့်အပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသည့်အပေါ် ပြည်တွင်းပြည်ပမှ သတိဖြင့် စောင့်ကြည့်နေကြသည်။

မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက “ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို တွေ့ဆုံ ဆွေးနွေးရေး နေ့မျိုးတွေတော့ ဆက်ပြီးတော့ လုပ်နိုင်တာမျိုးရှိတယ်။ အဖြေရတယ်၊ မရဘူးဆိုတာတော့ တပိုင်းပေါ့။ တနည်းအားဖြင့် ပြောရရင်ဗျာ၊ ကျနော်တို့ နိုင်ငံမှာ ဆိုလို့ရှိရင် ဘာဖြစ်လဲဆိုတော့ အမျိုးသား ညီလာခံ ရှိတယ် မဟုတ်လား။ စစ်အစိုးရက အမျိုးသား ညီလာခံကို အသုံးပြုပြီးတော့ တွေ့ဆုံဆွေးနွေးရေး လုပ်နေပါတယ်။ ပြေလည်အောင် လုပ်နေပါတယ်။ စသဖြင့် ဒါမျိုးပြောတာ ရှိတယ်လေ။ အဲဒီနည်းနဲ့ပဲ တဖြည်းဖြည်း ၁၄-၁၅ နှစ်လောက် အချိန်ဆွဲသွားတာ ရှိတယ်” ဟု ပြောသည်။

လက်ရှိ တွေ့ဆုံ ဆွေးနွေးမှုများသည် ရုပ်ပြသဘောလည်း ဖြစ်နိုင်ကြောင်း တိကျစွာ ပြောရန် ခက်ခဲသည်ဟု သူက ဆိုသည်။

“အဲဒီလို တဖြည်းဖြည်းနဲ့ တွေ့-တွေ့၊ တွေ့-တွေ့၊ တွေ့ပြီးတော့ တကယ် လက်တွေ့ အဖြေမရတာလည်း ဖြစ်နိုင်တယ်။ အခုပဲ တချို့ ပြောနေတာကတော့ မစ္စတာ ဂမ်ဘာရီ လာမှာ ဖြစ်တဲ့အတွက် ကြိုပြီးတော့ တွေ့တာမျိုး ဆိုပြီးတော့ ပြောနေတာမျိုးလည်း ရှိတယ်ဆိုတော့ ကျနော့် အနေနဲ့တော့ အတိအကျ ပြောဖို့တော့ ခက်တာပေါ့” ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့်လ ၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်က ပထမအကြိမ် တွေ့ဆုံမှုသည် နှစ်ဘက် နားလည်မှုအတွက် ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ်မှာ အနာဂတ် ဆွေးနွေးပွဲများအတွက် မူဘောင် သတ်မှတ်သည့်အဆင့် ဖြစ်ပြီး တတိယအကြိမ်မှာမူ မူဘောင်တွင် နောက်ထပ် ထည့်သွင်းရမည့် အချက်များကို ဆွေးနွေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ယခု နောက်ဆုံးအကြိမ် တွေ့ဆုံမှုနှင့် ပတ်သက်၍ စစ်အစိုးရဘက်က ယခုအချိန်ထိ တစုံတရာ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါ။

No comments: